Elastomeric Foam Insulation

Insulation material သည် HVAC-R (Heating, Ventilating, Air-conditioning and Refrigeration) application များတွင် မရှိမဖြစ် အသုံးပြုကြရသည့် အရာဖြစ်သည်။ ၎င်းကို system (cooling or heating) နှင့် ပြင်ပ အခြေအနေ (surrounding) တို့ အကြားရှိ အပူချိန် ကွာခြားမှု ကြောင့် အပူချိန် ပို၍မြင့်သော နေရာမှ နိမ့်သော နေရာသို့ အပူကူးပြောင်းမှု (heat transfer) မဖြစ်ပေါ်စေရန်၊ မျက်နှာပြင်၌ ရေသီး ရေပေါက်များ (condensation) မဖြစ်စေရန် နှင့်၊ အသုံလုံရန် (sound-proof) အတွက် အဓိက အသုံးပြုကြသည်။

Insulation အမျိုးမျိုးရှိပြီး ယခုဆောင်းပါးတွင် ရည်ညွှန်းသည့် insulation သည် AC&R (Air-conditioning and Refrigeration) application များ၌ refrigerant copper pipe, tank, evaporator စသည်တို့အတွက် အသုံးပြုသည့် elastomeric foam ဖြစ်သည်။ ၎င်းသည် closed cell အမျိုးအစား ဖြစ်ပြီး air-conditioned duct များတွင် thermal insulation အဖြစ် အသုံးပြုသည့် mineral wool သည် open cell အမျိုးအစား ဖြစ်သည်။ Open cell များတွင် အပြင်ဖက် အလွှာ မရှိပဲ ပတ်ဝန်းကျင် လေထု နှင့် တိုက်ရိုက် ထိတွေ့နေသည်။ ထို့ကြောင့် ဖိုက်ဘာ အမျှင်များ လေထဲသို့ ပျံ့နှံ့ရောက်ရှိ သွားနိုင်သည်။ Close cell များတွင် အလွန်သေးငယ် သော အပေါက်ကလေးများ ပါဝင်ပြီး ၎င်းတို့ကို အပြင်ဖက်အလွှာ (နံရံ) မှ အပြည့်အဝ ဖုံးအုပ်ထားသည်။ ထို့ကြောင့် ပတ်ဝန်းကျင် လေထု နှင့် တိုက်ရိုက် ထိတွေ့မှုမရှိပေ။ Close cell များတွင် open cell များကဲ့သို့ ရေ၊ moisture စသည်တို့ အတွင်းသို့ စိမ့်ဝင်နိုင်မှု မရှိသလောက် ဖြစ်သည်။

untitled image
Elastomeric Foam Insulation (Close Cell)

ဤဆောင်းပါးတွင် အဓိကပြောလိုသောအချက်မှာ ထို elastomeric foam များသည် လူ နှင့် သဘာဝ ပတ်ဝန်း ကျင်ကို မည်ကဲ့သို့ ဆိုးကျိုးသက်ရောက်စေနိုင်သလဲ ဆိုသည့်အချက်ဖြစ်သည်။ Elastomeric foam အားလုံးကို ဆိုလိုခြင်းမဟုတ်ပဲ အချို့ brand နှင့် product များကိုသာ ဆိုလိုခြင်း ဖြစ်သည် ဆိုတာကို သတိ ချပ်ကြစေလို ပါသည်။ Brand တူသော်လည်း ပါဝင်သည့် substances မတူသော product များလည်း ရှိသော ကြောင့် မိမိတို့ ၏ application များအတွက် မလိုလားအပ်သော အရာများ ပါဝင်မှု ရှိ မရှိကို သေချာကြည့်၍ ရွေးချယ်ပေးရန် လိုသည်။

Elastomeric foam insulation အမျိုးအစားများသည် သာမန်အားဖြင့် လူကို ဒုက္ခမပေးပေ။ သို့သော်လည်း ဟေလိုဂျင် (halogen) ပါဝင်သော အချို့ product များသည် မီးလောင်ပါက အဆိပ်ငွေ့ (toxic gases) ကို ထုတ်လွှတ်တတ်သည်။ ထိုအဆိပ်ငွေ့ နှင့် မီးခိုးငွေ့ အများအပြားကို ရှူမိပါက အသက်အန္တရာယ်ရှိသည်။ အထူး သဖြင့် enclosed spaces များ ဖြစ်သည့် သင်္ဘောပေါ် နှင့် မြေအောက် ဘူတာ ကဲ့သို့သော နေရာများအတွက် အထူး သတိထားဖို့လိုသည်။ ဥပမာ အားဖြင့် ၁၉၈၇ ခုနှစ်တွင် လန်ဒန် မြို့ရှိ Kings Cross tube station (မြေအောက်ရထား ဘူတာရုံ) တွင် ဖြစ်ပွားခဲ့သော မီးလောင်မှု တွင် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ပြီး လေ့လာ တွေ့ရှိချက်များအရ အများစုသည် အဆိပ်ငွေ့ နှင့် မီးခိုးငွေ့ ကို ရှူရှိုက်မိ၍ သေဆုံး ရခြင်း ဖြစ်သည် ဟု အဖြေ ထွက်သည်။ ထို့အတူ ၂၀၀၃ ခုနှစ် တောင်ကိုရီးယားနိုင်ငံ မြေအောက်ရထားဘူတာရုံ၌ ဖြစ်ပွားခဲ့သော မီးလောင် မှုတွင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရမှု သည်လည်း ထို အဆိပ်ငွေ့ကြောင့်ပင် ဖြစ်သည်ဟု ဆိုသည်။

ဤကဲ့သို့ အဆိပ်ငွေ့ ထွက်လာရခြင်းမှာ ထိုနေရာများတွင် အသုံးပြုခဲ့သော cable များ၌ ပါဝင်သော halogen element ကြောင့် ဆိုသော အချက်ကို တွေ့ရှိခဲ့ကြသည်။ ၎င်းကို မီးလောင်သောအခါ အဆိပ်ဓါတ်ငွေ့ကို ထုတ် လွှတ်သောကြောင့်ဖြစ်သည်။ ထိုအချိန်မှ စ၍ halogen ပါဝင်သော cable များကို မြေအောက်ဘူတာရုံများတွင် အသုံးပြုခွင့် လုံးဝမပေးတော့ပဲ halogen free cable များကို ထုတ်လုပ်အသုံးပြုလာခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။

ဟေလိုဂျင် အစုအဖွဲ့တွင် အောက်ပါ substances များ ပါဝင်သည်။

(၁) Fluorine

(၂) Chlorine

(၃) Bromine

(၄) Iodine

(၅) Astatine

ဤအထဲမှ ကလိုရင်း နှင့် ဘရိုမင်းတို့သည် ကမ္ဘာ့အိုဇုန်းလွှာကို ဆိုးရွားစွာပျက်စီးစေနိုင်သည့်အတွက် ကမ္ဘာကြီး ပူနွေးလာမှု နှင့် ရာသီဥတု ပြောင်းလဲမှုများကိုလည်း ဖြစ်ပေါ်စေသည်။ ထို့ကြောင့်လည်း ၎င်းတို့ ပါဝင်သော refrigerants အမျိုးအစားများ အသုံးပြုမှု ကို တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် ကန့်သတ်ထားပြီး ဖြစ်သည်။

မိမိအသုံးပြုမည့် product တွင် ဤကဲ့သို့သော chemical substances များ ပါဝင်မှု ရှိ မရှိကို သိရှိထားဖို့ လို သည်။ ၎င်းတို့ကို technical datasheet များတွင် ဖော်ပြထားချင်မှ ထားမည် ဖြစ်သော်လည်း Material Safety Datasheet (MSDS) တွင် ကြည့်ပါက တွေ့နိုင်သည်။ ထိုအထဲတွင်တော့ ရှောင်လွှဲ၍ မရပဲ ဖော်ပြထားရသည်။ ထို့ကြောင့် safety ရှုထောင့်မှ ကြည့်ပြီး MSDS ကို ဖတ်ရှု၍ သတိထား ရွေးချယ်သင့်ပေသည်။ လက်ရှိ စာရေးသူ လုပ်နေသော စင်္ကာပူ နိုင်ငံရှိ ပရောဂျက် တစ်ခုတွင် refrigerant pipe အတွက် အသုံး ပြုမည့် elastomeric foam insulation ၏ MSDS တွင် ကျန်တာအားလုံး အဆင်ပြေသော်လည်း မီးလောင်ပါက ၎င်းသည် ကလိုရင်း နှင့် ဘရိုမင်း ထုတ်လွှတ်နိုင်သည်ဟု ဖော်ပြပါရှိသဖြင့် client ကလက်မခံပေ။ ဤ အချက်ကို technical datasheet တွင် ဖော်ပြထားခြင်း မရှိပဲ MSDS တွင်သာ ဖော်ပြထားသည့်အတွက် ထို MSDS သည်လည်း သေချာ စွာ review လုပ်ရမည့် document တစ်ခု ဖြစ်ပေသည်။ MSDS အကြောင်းကို သိရှိစေရန် နောက်အပိုင်း တွင် ဆက်လက် ဖော်ပြပါမည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *